ဂျပန်မဆလာဟင်း(၄-၅ ယောက်စာ)
ကျွန်မ ဂျပန်တွင်နေစဉ်အခါက ခဏခဏချက်စားဖြစ်တဲ့ ဟင်းလေးပါ။ ဂျပန်မှာတော့ အသင့်လုပ်ထားတဲ့ မဆလာ အခဲလေးများရှိပါတယ်။ အခုဟင်းချက်နည်းကတော့ ကိုယ်တိုင်မဆလာအနှစ်ကစပြီးချက်တည့်နည်းပါ။ ဒီတစ်ခေါက် ဓါတ်ပုံအများကြီး မရိုတ်ဖြစ်ခဲ့လို့ ပုံသိပ်မရှိပေမဲ့ နောက်ပိုင်းဟင်းချက်နည်းတွေကို ပုံများနဲ့ဝေေ၀ဆာဆာ ဖေါ်ပြပါမယ်နော်။
ပါဝင်သောပစ္စည်းများ
ဝက်သား (သို့) အမဲသား ၂၀၀ ဂရမ်
အာလူး ၂ လုံး(အနေတော်အရွယ်)
မုန်လာဥနီ ၁ လုံး
ကြက်သွန်ဥနီ ၃ လုံး
ခရမ်းချဉ်သီး ၄ လုံး
ထောပတ် အနည်းငယ်
ဟင်းချက်ဆီ အသင့်အတင့်
ဂျုံမုန့် ၄ စားပွဲတင်ဇွန်း
ဂျင်း အနည်းငယ်
ကြက်သွန်ဖြူ အနည်းငယ်
ဆား
ပဲငံပြာရည်အနောက်
ပဲငံပြာရည်အကြည်
ကြက်သားမှုန့်
Worcester sauce
ဟင်းခတ်အမွေးအကြိုင်များ
မဆလာ ၁ စားပွဲတင်ဇွန်း
ဇီယာစေ့ ၂ လက်ဘက်ရည်ဇွန်း
ဖာလာ ၃ စေ့
လေးညှင်း ၃ ပွင့်
နံနံစေ့ ၂ စားပွဲတင်ဇွန်း
ငရုတ်ကောင်းအမဲစေ့ ၀.၅ လက်ဘက်ရည်ဇွန်း
အရောင်တင်မှုန့်
ဆနွန်းမှုန့်
ကလဝေး ၂ ရွတ်
သစ်ချပိုး ၁ ခု
S&Bဂျပန်မဆလာ
ခရမ်းချဉ်သီးကို ရေများများတွင်ဆားထည့်ပြီး ၁၀ မိနစ်ခန့်ပြုတ်ပြီးရေအေးထဲတွင်စိမ်ထားပါ။ ကြက်သွန်နီကို အခွံခွှာပြီးနှုတ်နှုတ်စင်းထားပါ။ မုန်လာဥနီ၊ အာလူးကို အခွံနွှာရေဆေးပြီး ၁ စင်တီမီတာခန့်အတုံးလေးများတုံးထားပါ။ အသားကိုလည်း အတုံးလေးများတုံးထားပြီး ဆားနှင့်ငရုတ်ကောင်းမှုန့်နှင့် နယ်ထားပါ။
ဇီယာစေ့၊ လေးညှင်း၊ နံနံစေ့၊ ငရုတ်ကောင်းအမဲစေ့ နှင့် ဖာလာတို့ကို အပူပေးထားသော ဒယ်အိုးတွင် အနံထွက်သည်အထိ မီးအေးအေးဖြင့်အပူပေးပါ။ အနံရလာလျှင်အအေးခံထားပြီး အမှုန့်ဖြစ်အောင် ကြိတ်ပါ။
မဆလာအနှစ်ကိုချက်ပါမယ်။ အရင်ဆုံး ဒယ်အိုးကိုအပူပေးပြီး ဆီအနည်းငယ်နှင့် ထောပတ်ကို ထည့်ပါ။ အရည်ပျော်ကာ ပူလာလျှင် ဂျုံမှုန့်ကိုထည့်ပြီး မွေပေးပါ။ မတူးစေရန်မီးအေးအေးဖြင့်မွေပါ။ ပြီးလျှင် ကြိတ်ထားသောမဆလာ၊ ဟင်းချက်မဆလာ၊ အရောင်တင်မှုန်နှင့် နနွန်းမှုန့်တို့ကို ထည့်ပြီးမွေပါ။ ပြီးရင်အအေးခံထားပါ။
ကြက်သွန်နီစင်းထားသည်ကို ဆီပူအောင်အပူပေးထားသော ဒယ်အိုးထဲတွင်ကြော်ပါ။ ဆီအများကြီးထည့်ရန်မလိုပါ။ ကြက်သွန်နီကိုကြော်လို့ရယုံသာထည့်ပါ။ ကြက်သွန်များ ညိုရောင်သန်းလာလျှင် အအေးခံထားပါ။
မဆလာဟင်းချက်မည့်အိုးထဲသို့ အသား၊ အာလူး၊ မုန်လာဥနီ၊ ပြုတ်ထားသောခရမ်းချဉ်သီးကို ဓါးနဲ့စင်းပြီးထည့်ပါ။ သစ်ဂျပိုး၊ ကလဝေးရွတ်၊ ကြက်သွန်ဖြူဂျင်းထောင်း နှင့် ဆီအနည်းငယ်ထည့်ပြီး မီးဖိုပေါ်တင်ကာ ၃ မိနစ်ခန့်လုံးပါ။ ပြီးရင် ရေနွေးထည့်ပြီးဆူအောင်တည်ပါ။ ဆူလာလျှင် အမြုပ်များကို ခပ်ထုပ်ပစ်ပါ။ ကြက်သွန်နီကြော်ထည့်ပြီး အဖုံးဖုံးပြီး မီးအေးအေးဖြင့်တည်ထားပါ။ အသားနှင့် အာလူးများ နူးလျှင် မဆလာအနှစ်ကိုထည့်ပြီးမွေပါ။ အနည်းငယ်ပျစ်လာပါလိမ့်မယ်။ အပျစ်အကျဲအတွက် ရေအနည်းငယ်ထည့်ပြီးညှိပါ။ရေဆူလာလျှင် အရသာအတွက် ငံပြာရည်အကြည်အနောက်၊ ကြက်သားမှုန့် နှင့် Worcester sauceတို့ကိုထည့်ပါ။ အရသာရလျှင် ဂျပန်မဆလာကို ထည့်ပြီး မီးပိတ်ကာ အဖုံးအုပ်ပြီး နှပ်ထားပါ။ ဒါဆိုရင် အရသာရှိတဲ့ ဂျပန်မဆလာဟင်းရပြီပေါ့။
ဂျပန်မဆလာဟင်းက ချက်ပြီးပြီးခြင်းစားတာထက် နောက်မှစားရင်ပိုပြီးအရသာရှိပါတယ်။ ကျွန်မတို့အိမ်မှာတော့ မနက်ချက်ပြီး ညတွင်စားတတ်ပါတယ်။ ပိုနေလျှင်လည်းဗူးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာသိမ်းထားပြီး နောက်ရက်မှာ နွှေးစားပါတယ်။
No comments:
Post a Comment